Pages

Monday, December 14, 2015

မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်

မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်း အကြောင်းကို Channel News Asia ကဖန်တီးထားတဲ့ Documentary လေးဖြစ်ပါတယ်။

Monday, September 7, 2015

စိတ်ဆိုးပါ .. ဒေါသထွက်လိုက်ပါ

Kailash Satyarthi ဟာ အိန္ဒိယနိုင်ငံသား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူဖြစ်ပြီး သူနဲ့ သူ့အဖွဲ့အစည်းရဲ့ ကြိုးပမ်းမှုများကြောင့် ကလေးသူငယ်ပေါင်း ၈၃၀၀၀ ခန့်ကို မတရားခိုင်းစေခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ပြီ ဖြစ်တယ်။ ၂၀၀၄ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပါကစ္စတန်နိုင်ငံသူ မာလာလာယူဆွတ်ဘိုင်နဲ့အတူ ပူးတွဲချီးမြင့်ခြင်း ခံရပါတယ်။

ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲ စေဖို့အတွက် ကျနော်တို့တတွေ ဒေါသထွက်ကြဖို့၊ စိတ်ဆိုးကြဖို့ လိုတယ်လို့ နိုဘယ်ဆုရှင် ခိုင်လတ်ရှ်ဆတ်သရာသီ (Kailash Satyarthi) ကသူ့ရဲ့ နာမည်ကျော် ဟောပြောပွဲ တစ်ခုမှာ တိုက်တွန်းထားပါတယ်။



………………….
ဒီကနေ့ ကျနော်ခင်ဗျားတို့ကို ဒေါသနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။ ကျနော်အသက် ၁၁နှစ်အရွယ်မှာ ကျနော့်အတန်းဖော် သူငယ်ချင်းတွေ ကျောင်းကထွက်သွားတာတွေ တွေ့ရတယ်။ ကျောင်းသုံးဖတ်စာအုပ်ဖိုးတွေတောင်မတတ်နိုင်တော့လို့ ကျောင်းက ထွက်ကြရတယ်။ ဒါတွေကိုမြင်တော့ ကျနော် ဒေါသထွက်ရတယ်။

အခိုင်းအစေ လုပ်နေရတဲ့ ဖခင်ရဲ့ ဆင်းရဲကျပ်တည်းမှုကြောင့် သမီးဖြစ်သူကို ပြည့်တန်ဆာလုပ်ဖို့ ရောင်းချရတဲ့ အဖြစ်ကို ကြားတော့လည်း ကျနော် ဒေါသထွက်ရတယ်။ အသက် ၅၀အရွယ်မှာ ကျနော့်သားအရင်းနဲ့ အတူတူ သွေးအိုင်ထဲမှာ လဲကျနေတုန်းကလည်း ကျနော်ဒေါသထွက်တယ်။

ဒေါသထွက်ခြင်းဟာ မကောင်းဘူးလို့ ကျနော်တို့ အရိုးစွဲနေကြတယ်။ မိဘတွေ ဆရာသမားတွေကလည်း ဒေါသမထွက်အောင် ဘယ်လိုနေထိုင်ရမလဲ ဆိုတာကိုပဲ ကျနော်တို့ကို ထပ်တလဲလဲ သင်ပေးခဲ့ကြတယ်။
ဘာကြောင့်ကျနော်တို့ ဒေါသမထွက်ပဲ နေရမှာလဲ .. ဒေါသကို အသွင်ပြောင်းပြီး ကျနော်တို့ လူအဖွဲ့အစည်းကို ပိုကောင်းလာအောင် ကျနော်တို့ လုပ်နိုင်တယ်။ ကျနော်အဲလိုပဲ လုပ်ခဲ့တာပါ။

ကျနော်စိတ်ဆိုး ဒေါသထွက်နေတဲ့ အချိန်တွေမှာ ဘာလုပ်သင့်သလဲဆိုတဲ့ အကောင်းဆုံး စိတ်ကူးတွေကို ရခဲ့တယ်။ အသက်၃၅ နှစ်အရွယ် အချုပ်ခန်းကျဉ်းကျဉ်းလေးထဲမှာ တစ်ညလုံး တိုက်ပိတ်ခံထားရတုန်းက ကျနော် အကြီးအကျယ် ဒေါသထွက်ခဲ့ရတယ်။ အဲဒီညမှာပဲ အကောင်းဆုံးစိတ်ကူးတွေကို ကျနော်ရခဲ့တာပါပဲ။ ဒီအကြောင်းတွေကို နောက်တော့ ဆက်ပြောပါမယ်။ ကျနော့်ကို ဒီလိုလုပ်ဖြစ်အောင် တွန်းအားပေးခဲ့တဲ့ ဇတ်လမ်းလေးကိုပဲ လောလောဆယ် ဆက်ပြောပါရစေ။

မဟတ္တမဂန္ဒီကြီးကို ကျနော်ကလေးဘဝကတည်းက လေးစားအားကျခဲ့တယ်။ သူက အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးရဖို့ ဦးဆောင် တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမယ့် သူအဓိကသင်ကြားပေးသွားတာက အားနည်းတဲ့ အဆင်းရဲဆုံးလူတွေကို လေးလေးစားစား ဆက်ဆံတတ်ဖို့ပါပဲ။ အဲဒီအချိန် ၁၉၄၆ မှာ ဂန္ဒီကြီးရဲ့မွေးနေ့ကို အိန္ဒိယမှာ ခမ်းခမ်းနားနား ကျင်းပမယ့် နှစ်ပေါ့။ ကျနော်အသက်က ၁၅ နှစ်ပါ။ ဂန္ဒီကြီးရဲ့မွေးနေ့ကို ထူးထူးခြားခြား အစီအစဉ်တွေနဲ့ ကျင်းပပေးဖို့ ကျနော် စိတ်ကူးတစ်ခု ရတယ်။

အားလုံးလည်းသိကြတဲ့အတိုင်း အိန္ဒိယမှာ လူများစုဟာ ဇတ်နိမ့်တွေအဖြင့် မွေးဖွားလာကြတာပါ။ သူတို့ဟာ လူတကာရဲ့ အပယ်ခံတွေပါ။ ဘုရားကျောင်းတွေကို သွားခွင့်မရှိသလို ဇတ်မြင့်တွေရဲ့ နေအိမ်တွေ၊ ဆိုင်တွေကိုတောင် ဝင်ထွက်သွားလာခွင့် မရှိကြပါဘူး။

ကျနော်တို့မြို့က နိုင်ငံရေးခေါင်းဆောင်တွေက ဂန္ဒီကြီးရဲ့ ဇတ်နိမ့် ဇတ်မြင့်အပေါ်ထားတဲ့ သဘောတရားတွေကို ပြောဆို ဟောပြောနေကြတာတွေကို တွေ့တော့ ကျနော်အားရဝမ်းမြောက်မိတယ်။ ကျနော့်စိတ်ကူးက ဇတ်နိမ့်ထဲက လူတစ်ချို့ကိုဖိတ်ပြီး အစားအစာတွေ ချက်ပြုတ် ပြင်ဆင်စေမယ် .. ပြီးရင် နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို ဖိတ်ပြီး ကျွေးမွေးမယ်ပေါ့။ ကျနော်တို့ ပတ်ဝန်းကျင်မှာ စံနမူနာယူစရာအဖြင့် လုပ်ပြချင်တယ်။
ဇတ်နိမ့်ထဲက လူတစ်ချို့ဆီသွားပြီး ကျနော်ဖိတ်ကြားတဲ့အခါ သူတို့က ခါးခါးသီးသီးငြင်းဆန်ကြတယ်။ ဖြစ်နိုင်စရာမရှိသလို ဘယ်တော့မှလည်း ဒီလိုဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ကျနော်က ပြန်ပြောရတယ် “ငါတို့ခေါင်းဆောင်တွေက ဒါနဲ့ပတ်သက်ပြီး အမြဲတမ်းပြောဆိုနေကြတာပါ .. စိတ်မပူပါနဲ့ သူတို့လာကြမှာပါ .. တကယ်လို့ တယောက်မှ မလာရင်လည်း ငါတို့တခုခုသေချာသိသွားတာပေါ့” ။

သူတို့က ကျနော့်ကို စိတ်မမှန်တဲ့သူလို့ ထင်နေပုံရတယ်။ နောက်ဆုံးတော့ သူတို့ လာရောက်ပေးဖို့ လက်ခံကြပါတယ်။

ကျနော့်သူငယ်ချင်းတွေနဲ့ အတူ စက်ဘီးတွေနင်းပြီး နိုင်ငံခေါင်းဆောင်တွေရဲ့ အိမ်တွေကို တအိမ်တက် တအိမ်ဆင်း လိုက်ဖိတ်ကြပါတယ်။ အားလုံးကလည်း တက်ရောက်ဖို့ သဘောတူကြပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ နမူနာကောင်းတစ်ခု လုပ်ပြနိုင်တော့မှာ ဖြစ်လို့ အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်။
အဲဒီနေ့ရောက်တော့ မူလက သဘောတူထားတဲ့ အတိုင်းပဲ ဇတ်နိမ့်တွေထဲက အမျိုးသမီး ၃ဦးနဲ့ အမျိုးသား ၂ဦးတို့ ရောက်လာကြတယ်။ အတတ်နိုင်ဆုံး အကောင်းဆုံး အဝတ်အစားတွေ သူတို့ဝတ်လာကြတယ်၊ အိုးခွက်ပန်းကန် အသစ်တွေကိုလည်း သယ်လာကြတယ်။ ကျနော်အခုထိကို မျက်စိထဲမှာ မြင်နေတုန်းပါပဲ။ အခေါက်ခေါက် အခါအခါ ရေချိုးသန့်စင်ခဲ့ကြတယ်။ သူတို့အတွက် ဒီလိုမျိုးက ဘယ်တုန်းကမှ မကြုံဖူးတဲ့ ကိစ္စကြီးမဟုတ်လား။ နောက်တော့ ၇နာရီထိုးတဲ့အချိန်မှာ အစားအသောက်တွေအားလုံး ပြင်ဆင်ချက်ပြုတ်ပြီးသွားတယ်။ ၈နာရီထိုးသွားတဲ့အထိ ကျနော်တို့စောင့်တယ်။ လူကြီးတွေဆိုတာ ထုံးစံအတိုင်း နောက်ကျတတ်တယ် မဟုတ်လား။

၈နာရီ ကျော်သွားပြီးတဲ့နောက် ကျနော်တို့ စက်ဘီးတွေနဲ့ ခေါင်းဆောင်ကြီးတွေအိမ်ကို သတိပေးဖို့ လိုက်သွားတယ်။ ပထမ တစ်ယောက်ရဲ့ဇနီးနဲ့ပဲတွေ့တယ် .. သူ့ယောက်ျား နေမကောင်းလို့ မလာနိုင်တော့ကြောင်း ပြောပါတယ်။ နောက်တစ်အိမ်မှာလည်း ခေါင်းဆောင်းကြီးရဲ့ ဇနီးနဲ့ပဲ တွေ့ရတယ် သူက “မင်းတို့သွားနှင့်ပါ သူလာပါလိမ့်မယ်” လို့ပဲပြောပါတယ်။ အဲဒီတော့ ကျနော်ထင်တယ် ညစာစားပွဲက ထင်သလိုကြီးကျယ်တော့မှာ မဟုတ်ဘူး .. ဖြစ်တော့ဖြစ်သွားလိမ့်မယ်လို့ ထင်တာပါပဲ။

ကျနော်တို့ ညစာစားပွဲလုပ်မယ့် မဟတ္တမဂန္ဒီ ပန်းခြံဆီကို ပြန်လာခဲ့ကြတယ်။ ည၁ဝနာရီကျော်တဲ့အထိ စောင့်ကြတယ်။ ဘယ်ခေါင်းဆောင်ကြီးမှ ရောက်မလာကြပါဘူး။ ဒါက ကျနော့်ကို ဒေါသထွက်စေပါတယ်။ ဟတ္တမဂန္ဒီ ရုပ်တုကြီးကို မှီပြီးကျနော်ရပ်နေမိတယ်။ စိတ်ထဲကလည်း စိတ်ပျက်မောပန်းနေတာပေါ့ဗျာ။ နောက်တော့ စားစရာတွေ ခင်းကျင်းထားတဲ့ နေရာမှာ ထိုင်ချလိုက်တယ်။ စားစရာတစ်ခုကို ယူစားလိုက်တဲ့ အချိန်မှာပဲ ထိန်းထားတဲ့ကြားက ကျနော်မျက်ရည်တွေ ကျလာတယ်။ ရုတ်တရက် ကျနော့်ပခုန်းပေါ် လက်တစ်ဖက်လာတင်တာကို ခံစားရတယ်။ ဇတ်နိမ့်အမျိုးသမီးကြီးက ကျနော့်ကို ပြောတယ် “Kailash .. ဘာလို့ငိုနေတာလဲ .. နင်လုပ်ခဲ့ပြီးပြီပဲ .. ဇတ်နိမ့်တွေ ချက်ထားတဲ့ အစားအစာတွေကိုလည်း စားပြီးပြီပဲ .. ဒါကဘယ်တုန်းကမှ ငါတို့ဆီမှာ မဖြစ်ခဲ့ဖူးဘူး .. နင်နိုင်ပါတယ်” တဲ့ .. မှန်တာပေါ့ဗျာ။

ညသန်းခေါင်ကျော်မှ ကျနော်အိမ်ပြန်ခဲ့တယ်။ အိမ်ထဲမှာ ဇတ်မြင့်တွေထဲက လူကြီးတချို့ထိုင်နေကြတာကို တွေ့တော့ ကျနော်လန့်သွားတယ်။ ကျနော့်အမေနဲ့ ဆွေမျိုးသားချင်းတွေက ငိုကြွေးပြီး ဒီလူကြီးတွေကို တောင်းပန်နေကြရတယ်။ ဘာလို့ဆိုတော့ သူတို့က ကျနော်တို့ မိသားစု အားလုံးကို ဇတ်မြင့်အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ဖို့ ခြိမ်းခြောက်ကြတဲ့ အတွက်ဖြစ်ပါတယ်။

ကျနော်တို့ဆီမှာ မိသားစုလိုက် အသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခံရတာဟာ အကြီးမားဆုံး လူမှုရေး ပြစ်ဒဏ်ခတ်ခြင်းခံရတာလို့ ပြောလို့ရပါတယ်။ နောက်ဆုံးမှာတော့ ကျနော့်တစ်ယောက်ထဲကိုပဲ ပြစ်ဒဏ်ခတ်ဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီပြစ်ဒဏ်က ကိုယ့်ကိုယ်ကို ပြန်လည် သန့်စင်အောင် လုပ်ဖို့ပါ။ အိမ်ကနေမိုင် ၆ဝဝ လောက်ဝေးတဲ့ ဂင်္ဂါမြစ်မှာ သွားပြီး ရေချိုးသန့်စင်ရမယ် .. ပြီးရင် ဘုန်းတော်ကြီး ၁ဝ၁ ပါးကို ပင့်ဖိတ်လှူဒါန်းပြီး သူတို့ရဲ့ ခြေထောက်ဆေးထားတဲ့ ရေကို သောက်ရမယ်လို့ ဆိုပါတယ်။

ဒါက လုံးဝအဓိပ္ပယ်မရှိဘူး၊ မလုပ်နိုင်ဘူးလို့ ကျနော်ငြင်းလိုက်တယ်။ အဲဒီတော့ သူတို့က ကျနော့်ကို ဘယ်လိုဆက်ဆံကြသလဲ ခင်ဗျားတို့ သိလား ? အိမ်ထဲက မီးဖိုဆောင်နဲ့ ထမင်းစားခန်းကို ကျနော်ဝင်ခွင့် မရတော့ဘူး။ ကျနော်သုံးဖို့ အိုးခွက် ပန်းကန်တွေကို သတ်သတ်စီ ဖယ်ထားလိုက်ကြတယ်။ အဲဒီညမှာ ကျနော် ဒေါသထွက်ရတယ်။ သူတို့က ကျနော့်ကို ဖယ်ထုတ်ဖို့ ကြိုးစားကြတယ် ကျနော်ကတော့ အဲဒီအသိုင်းအဝိုင်း တစ်ခုလုံးကို ကျနော့်ဘဝထဲက ဖယ်ထုတ်ပစ်ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။

ပထမဦးဆုံး ကျနော်နာမည်ကို ပြောင်းပစ်ဖို့စဉ်းစားတယ်။ ကျနော်တို့ အိန္ဒိယမှာ မိသားစုနာမည်ကို ကြည့်ခြင်းအားဖြင့် ဇတ်နိမ့်၊ ဇတ်မြင့်ကို ခွဲခြားနိုင်ပါတယ်။ နောက်ဆုံးတော့ ကျနော် ကိုယ့်ဟာကိုယ် Satyarthi ဆိုပြီး နာမည် ပြောင်းလိုက်နိုင်ပါတယ်။ အမှန်တရားကို ရှာဖွေသူလို့ အဓိပ္ပါယ်ရပါတယ်။ ဒါက ကျနော့်ရဲ့ ဒေါသကို ပုံသဏ္ဍာန် ပြောင်းလိုက်နိုင်ခြင်းရဲ့ မူလအစပါပဲ။

ကျနော် အခုလို ကလေးသူငယ် အခွင့်အရေး ဆိုင်ရာကိစ္စတွေကို မလုပ်ခင်က ကျနော်ဘာလုပ်သလဲဆိုတာကို ခင်ဗျားတို့ထဲက တယောက်မဟုတ် တယောက်တော့ သိပါလိမ့်မယ်။ ကျနော်က အင်ဂျင်နီယာ .. လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ပါ။ မီးလောင်နေတဲ့ ကျောက်မီးသွေးတွေ၊ ဓာတ်ပေါင်းဖိုကြီးတွေထဲက နယူကလိယ ပေါက်ကွဲမှုကြီးတွေ၊ အရှိန်ပြင်းပြင်းနဲ့ စီးနေတဲ့ မြစ်ရေတွေ၊ တိုက်ခတ်မှုမှုပြင်းတဲ့ လေတွေ ကနေ လူသန်းပေါင်းများစွာအတွက် အလင်းရောင်တွေ စွမ်းအင်တွေအဖြင့် အသွင်ပြောင်းလိုက်နိုင်တယ် ဆိုတာကို ကျနော် လေ့လာ သင်ကြားခဲ့ရတယ်။ အလားတူပဲ ထိန်းချုပ်လို့မရနိုင်လောက်တဲ့ ပေါက်ကွဲမှုတွေထဲကနေ ကျနော်တို့ လူ့ပတ်ဝန်းကျင် အတွက် ကောင်းတဲ့စွမ်းအားတွေအဖြင့် ပြောင်းလိုက်နိုင်တယ်လို့ ကျနော်သတိထားမိတယ်။

ခုဏက ပြောခဲ့တဲ့ အချုပ်ခန်းထဲကို ကျနော်ရောက်ရတဲ့အကြောင်း ဆက်ပြောပါမယ်။ တဒါဇင်လောက်ရှိတယ့် ကလေးတွေကို ကျွန်အဖြင့်ကနေ ကယ်တင်ပြီး သူတို့မိဘတွေဆီ ပြန်အပ်ရတဲ့ အချိန်မှာ ပြောမပြနိုင်လောက်အောင် ဝမ်းသာပီတိ ဖြစ်ရတယ်။ တစ်နေ့ နယူးဒေလီမှာ ကျနော်အိမ်ပြန်ဖို့ ရထားစောင့်နေတဲ့အချိန် ကျနော်ကလေးငယ် တစ်ဒါဇင်လောက်ကို ဘူတာရုံမှာတွေ့တယ်။ လူတစ်ယောက်ကလည်း သူတို့ကို လူကုန်ကူးဖို့ ကြံစည်နေတာကိုလည်း တွေ့ပါတယ်။ ကျနော်သူတို့ကို တားလိုက်နိုင်တယ်၊ ပြီးတော့ ရဲကိုခေါ်ပြီး အကျိုးအကြောင်း ရှင်းပြလိုက်တယ်။ ရဲတွေက ကျနော့်ကို ကူညီရမယ့်အစား ကျဉ်းကြပ်နေတဲ့ အချုပ်ခန်းလေးထဲ ကျနော့်ကို တိရိစ္ဆာန်တစ်ကောင်လို ပစ်ထည့်လိုက်တာပါ။ အဲဒီညက ကျနော့်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သလို အကောင်းဆုံး စိတ်ကူးတွေကိုလည်း မွေးဖွားစေခဲ့ တာပါပဲ။

ကျနော်စဉ်းစားမိတာက ကလေး၁၀ယောက်ကို ကယ်တင်လိုက်နိုင်တယ် .. ဒါက ရပ်သွားမှာတော့ မဟုတ်ဘူး .. နောက်ထပ် အယောက်၅၀လည်း ဖြစ်လာနိုင်တာပါပဲ။ ကျနော် စီးပွားရေးသမား ထုတ်လုပ်သူတွေရဲ့ အင်အားကိုလည်း တွက်ဆမိတယ်။ ကလေးအလုပ်သမားတွေရဲ့ လုပ်အားမပါတဲ့ ထုတ်ကုန်တွေကို တိုးမြင့်ဝယ်ယူဖို့ ကမ်ပိန်း တစ်ခု ကျနော်လုပ်ခဲ့တယ်။ ကမ္ဘာတစ်ဝှမ်းမှာလည်း လုပ်တဲ့သူတွေ လုပ်ကြတယ်။ ဥရောပနဲ့ အမေရိကမှာတော့ ကျနော်တို့ အောင်မြင်တယ်။ အဲဒီရဲ့ ရလဒ်တွေက ကလေးသူငယ်များကို အဓ္ဓမခိုင်းစေမှုတွေကို တောင်အာရှနိုင်ငံတွေမှာ ၈၀ ရာခိုင်နှုန်းအထိ လျော့ကျစေခဲ့တာပါပဲ။

ကျနော်အသက် ၁၁နှစ်အရွယ်မှာ ပညာရေးက ကလေးတွေအတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာကို သိခဲ့တယ်။ ကျောင်းစာအုပ်ဟောင်းတွေကို စုပြီး ချို့တဲ့တဲ့ ကလေးတွေကို ထောက်ပံ့ဖို့ စိတ်ကူးရတယ်။ စာကြည့်တိုက်ကလေးတစ်ခု ထူထောင်ခဲ့တယ်။ ဒါက ရပ်မသွားပါဘူး နောက်ပိုင်းမှာ ပညာရေးကို အဓိက တွန်းအားပေးမယ့် အကြီးဆုံး လူမှုရေး အဖွဲ့အစည်းတစ်ခုကို ထူထောင်နိုင်ခဲ့တယ်။ ဒါက ကူညီကယ်ဆယ်ရေး လုပ်ငန်းအဖြင့်ကနေ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး ဖြစ်တယ် ဆိုတဲ့ အသိကို ပြောင်းလဲပေးနိုင်ခဲ့တယ်။ အဲဒီနောက် ၁၅နှစ်အတွင်းမှာ ကျောင်းမတက်နိုင်တဲ့ ကလေးအရေအတွက် ထက်ဝက်ခန့်ကို လျော့ချနိုင်ဖို့ ကျနော်တို့ကို အများကြီး အထောက်အကူ ဖြစ်စေခဲ့တာပါ။

ပြည့်တန်ဆာအိမ်ကို ရောင်းချခံရတော့မယ် မိန်းကလေးကို ကယ်တင်လိုက်စဉ်က ဖြစ်ရတဲ့ဒေါသကလည်း ကျနော့်ကို ဘယ်လိုဘယ်ပုံ ကယ်တင်သင့်သလဲဆိုတဲ့ အတွေးအခေါ်သစ်တွေကို ပေးပါတယ်။ ကျနော်ဂုဏ်ယူစွာနဲ့ပဲ ပြောပါရစေ .. ကျနော်တို့ ကယ်တင်နိုင်ခဲ့တာ ဆယ်ယောက်၊ အယောက်နှစ်ဆယ် မကပါဘူး .. ကျနော်နဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကလေးသူငယ်ပေါင်း ၈၃၀၀၀ ကျော်ကို အဓမ္မ ခိုင်းစေခြင်းကနေ လွတ်မြောက်စေပြိး မိဘတွေဆီကို ပြန်အပ်နိုင်ခဲ့တယ်။

ဒါက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လုပ်ဖို့ လိုနေတယ်ဆိုတာ ကျနော် သဘောပေါက်တယ်။ ကျနော်တို့ ကမ္ဘာ အနှံ့မှာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ချီတက်ဆန္ဒပြပွဲတွေ ၊ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲတွေ တောက်လျောက်လုပ်ကြတယ်။ အဲဒါရဲ့ရလဒ်က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့  ၁၅နှစ်အတွင်း ကလေးအလုပ်သမား ၃ ချိုးတစ်ချိုး လျော့ချနိုင်ခဲ့ပါပြီ။

ဒီတော့ကာ .. အဲဒီလိုတွေ ဖြစ်လာနိုင်ဖို့ ဒေါသထွက်ရာကနေ စတာပါပဲ။ ဒေါသကနေ စွမ်းအင်တွေ ဖြစ်လာတယ် .. နောက်တော့ စိတ်ကူးတွေရတယ် .. လုပ်ဆောင်ချက်တွေ အဖြင့် ပြောင်းသွားတယ်။ ဒီအတိုင်း ကျနော်လုပ်ခဲ့တာပဲ။ ဒေါသက စွမ်းအားရှိတယ် ၊ ဒါက သဘာဝတရားပဲ ဖျက်ဆီးလို့ မရဘူး၊ ကွယ်ပျောက်မသွားနိုင်ဘူး။ ဒါကြောင့် ဒေါသတွေကို အသွင်ပြောင်းပြီး ကမ္ဘာကြီး ပိုကောင်းလာဖို့ ကျနော်တို့ ဘာလို့ မလုပ်နိုင်ရမှာလဲ ?

လူတိုင်းကိုယ်စီရဲ့ ကိုယ်တွင်းမှာ ဒေါသဆိုတာ ရှိပါတယ်။ ကျနော်တစ်ခု ပြောပါရစေ .. တကယ်လို့များ ဒီဒေါသတွေကို အတ္တတွေနဲ့ ကျဉ်းမြောင်းတဲ့ စက်ဝန်းလေးထဲမှာပဲ ချုပ်ထားမယ်ဆိုရင်တော့ ဒေါသကနေ မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေ ဖျက်ဆီးမှုတွေသာ ဖြစ်လာတော့မှာပေါ့။ ဒီအတ္တစက်ဝန်းတွေကို ဖျက်ဆီးပစ်နိုင်ရင်တော့ ဒေါသကနေ ကြီးမြတ်တဲ့ စွမ်းအင်အဖြင့် ပြောင်းသွားနိုင်ပါတယ်။ ကျနော်တို့ ဒီစက်ဝန်းတွေကို ဂရုဏာတရားကို သုံးပြီး ဖြိုဖျက်ပစ်ကြရမယ်၊ ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပြီး ပိုကောင်းလာအောင် လုပ်ကြရမယ်။ တူညီတဲ့ ဒေါသကိုပဲ ပြောင်းလဲပစ်ရမယ်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမတို့ .. နိုဗယ်လ်ဆုရှင် တစ်ယောက်အနေနဲ့ ခင်ဗျားတို့ကို ဒေါသထွက်ကြဖို့  နောက်တစ်ခေါက် ကျနော်ထပ်မံ တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ထဲက ဒေါသအထွက်ဆုံး တစ်ယောက်က သူ့ဒေါသတွေကို စိတ်ကူးတွေ၊ ကောင်းသော လုပ်ဆောင်ချက်တွေအဖြင့် ပြောင်းလဲနိုင်ပါလိမ့်မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
…………………. 
TED.com က Kailash Satyarthi ရဲ့ How to make Peace ? ကိုဘာသာပြန်ထားတာပါ။ အောက်က video မှာ သူ့ရဲ့ ဟောပြောချက်ကို ကြည့်နိုင်ပါတယ်။

Wednesday, August 5, 2015

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း

မူရင်းစာရေးသူ – မောင်ခင်မင် (ဓနုဖြူ)


မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ရ၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။

ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။

အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မဝိုင်းသေးဘူး။ ဝ-ဝကလေး ဝိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။

ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအဝိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။

ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။

ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။

အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။

ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။
ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။

ခွေခွေကလေးနေလို့ ခ-ခွေး၊
လုံးလုံးကလေး နေလို့ စ-လုံး၊
လိမ်ခွေနေလို့ ဆ-လိမ်၊
အောက်ကွဲနေလို့ ဇ-ကွဲ၊
ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊
ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊
ဝမ်းပူနေလို့ တ-ဝမ်းပူ၊
အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊
အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊
မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊
အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊
ကုန်းနေလို့ ဘ-ကုန်း၊
ပက်လက်လန်နေလို့ ယ-ပက်လက်၊
အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။

အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။

ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊ ဝမ်းဘဲနဲ့တူလို့ ဌ-ဝမ်းဘဲ၊
ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊
ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။
င-မ-ဝ-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။ ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။ ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။ မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။

ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။ သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။ ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။
ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။
 ရှေ့က ညကို အသတ်အသံထွက်ရတယ်။ ။ပုန်+ညာ့။ လို့ အသံထွက်ရတာပေါ့။ ဒီလိုပဲ ပညာ။ပဉ်+ဉာ။ပျင်ညာ။ သုည။သုဉ်+ဉ ။သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။

မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။

မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။ ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။

ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။ ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။ လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။
အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။

ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။) ဈ(ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ စျ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။

ဘေးက မျဉ်းဆွဲထားလို့ စျမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။

Thursday, April 2, 2015

2. Data Center Challenges

ဒေတာစင်တာ Infrastructure ကိုလေ့လာရာမှာ အိုင်တီနည်းပညာအပြင် Mechanical နှင့် Electrical နည်းပညာများကိုလည်း အကျွမ်းတဝင် ရှိနေဖို့ လိုအပ်ပါတယ်။ အိုင်စီတီ နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ဒေတာစင်တာတွေမှာ နည်းပညာလိုအပ်ချက်တွေ မြင့်မားလာပါတယ်။


ဥပမာအားဖြင့် ယခုနောက်ပိုင်း virtualization တွေခေတ်စားလာတော့ ဒေတာစင်တာတွေလည်း Cloud Data Center တွေအဖြင့် အဆင့်မြှင့်တင်မှုတွေ လုပ်လာကြရပါတယ်။ အများစုမှာ Fabric-Based နက်ဝေါ့ခ်တွေ ဖြစ်လာကြမယ်၊ ဒေတာသိမ်းဆည်းမှု လိုအပ်ချက်က အဆမတန်ကို မြင့်မားလာမယ့်အတွက် Big Data စီမံခန့်ခွဲမှုက အရေးပါတဲ့ အခြေအနေကို ရောက်နေပါတယ်။
အဓိက အရေးကြီးသော အချက်က ဒေတာစင်တာတွေမှာ downtime မဖြစ်အောင် စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။

အတိမ်းအစောင်းမခံနိုင်သော စီးပွားရေး လုပ်ငန်းကြီးတွေ (ဥပမာ- ဘဏ်လုပ်ငန်း၊ စတော့အိတ်ချိန်း .. စသည်ဖြင့်) တို့က downtime ကိုလုံးဝ လက်မခံနိုင်ကြပါ။



Downtime ဘာကြောင့်ဖြစ်ရလဲ –

Environment factors : အပူချိန်မြင့်တက်ခြင်း၊ အပူချိန်ထိမ်းညှိပေးသောစနစ် ချို့ယွင်းသွားခြင်း

Hackers, virus attacks : ဆာဗာများ၏ လုံခြုံရေး ချိုးဖောက် ခံရခြင်းနှင့် ဗိုင်းရပ်စ် တိုက်ခိုက်မှုများ

Human errors : ကျွမ်းကျင်မှု မရှိသော ဝန်ထမ်းများကြောင့် အမှားအယွင်း ဖြစ်ရခြင်း

Poor Management : စီမံခန့်ခွဲမှု စနစ် ညံ့ဖျင်းခြင်း

Lack of disaster recovery planning : အရေးပေါ် recovery အစီအစဉ်များ ပြင်ဆင်ထားမှု အားနည်းခြင်း တို့ကြောင့် ဖြစ်ပါတယ်။

ဆက်ပါဦးမည် …

Monday, March 23, 2015

လီကွမ်ယူးယူဆသည့် မြို့တော်ကောင်းတစ်ခု၏ အင်္ဂါရပ်များ

မူရင်းစာရေးသူ : ကောင်းထက်ဝင်း(ရန်ကုန်တက္ကသိုလ်)

လုံခြုံစိတ်ချရခြင်း


ဒီနေရာမှာ သက်သောင့်သက်သာ ခံစားရတယ်ဆိုတဲ့ အာရုံ၊ လုံခြုံမှုရှိ တယ်ဆိုတဲ့ အာရုံရအောင် ဖန်တီးပါ။ တစ်ချိန်လုံး ကြောက်လန့်နေရရင် ပတ်ဝန်းကျင်ကောင်းရှိလည်း ဘာမှ အသုံးမကျတော့ပါ။ ကျွန်တော် နယူးယောက် မြို့တော် ဗဟိုပန်းခြံကို သွားခဲ့တုန်းက လုံခြုံမှုမရှိဘူးလို့ ခံစားခဲ့ရတယ်။
ရဲတပ်ဖွဲ့ဟာ စွမ်းရည်ပြည့်ဝရ မယ်။ သို့သော် လူမြင်ကွင်းမှာ ရှိမနေစေရဘူး။ ကျွန်တော်တို့မှာ ရပ်ကွက်ရဲစခန်း တွေရှိတယ်။ ရဲတွေက အဲဒီရပ်ကွက်က လူတွေကို သိနေတယ်။ ဒါကြောင့် လူစိမ်းဝင်လာရင် သူတို့သိတယ်။ ကိုယ့်မသိတဲ့ နေရာသွားပြီး ရာဇဝတ်မှုတွေ မကျူးလွန်နိုင်အောင် လူတွေကို တားဆီးရတာ ပိုလွယ်လာတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရပ်ကွက်ကမဟုတ်ဘဲ ဒီရပ်ကွက်ထဲဝင်လာရင် ခင်ဗျားကို သတိထားမိမှာပဲ။ ဒီနေ့ဆိုရင် မိန်းမ တစ်ယောက်ဟာ မနက် ၃ နာရီမှာ ပြေးတာလုပ်လို့ရတယ်။ မတော်မတရား အလုပ်မခံရဘူး။ လုံခြုံမှုဟာ နေပျော် ဖွယ်မြို့တော်တစ်ခုရဲ့ မရှိမဖြစ်လိုအပ် တဲ့ အစိတ်အပိုင်းတစ်ခုပဲ။

နေရာအကျယ်အဝန်း လုံလောက်မှုရှိခြင်း

ဟောင်ကောင်မှာ လူတွေပြည့်ကျပ်နေတယ်။ တိုက်အမြင့်ကြီးတွေရှိ တယ်။ လမ်းမကြီးတွေပေါ်မှာ နေရောင်ခြည် က ရခဲတယ်။ စိမ်းစိမ်းစိုစိုမရှိဘူး။ ဒါကြောင့် ကျွန်တော်ကပြောတယ် ကောင်းပြီ အနောက်ကနေအရှေ့၊ အရှေ့ကနေအနောက် တစ်မြို့လုံးကို ပြာချပြီး ပြန်တည်ဆောက်မယ်။ ဟောင်ကောင်လိုမဟုတ်ဘဲ ကျွန်တော်တို့က တစ်ကျွန်းလုံးကို ဖြန့်ချလိုက် တာ။ ဒါကြောင့် လူတွေပြည့်ကျပ်မနေဘဲ စိမ်းလန်းစိုပြည်ရေးလုပ်ဖို့ နေရာရသွား တယ်။ ဥပမာအားဖြင့် (East Coast Parkway) လမ်းမကြီးဖောက်တဲ့အခါ မှာ လမ်းဘေးတစ်လျှောက် သစ်ပင်တွေ စိုက်ဖို့နေရာလွတ် လုံလုံလောက်လောက် ရှိတယ်။ နေရာကျယ်ကျယ်ဝန်းဝန်း လုံလုံလောက်လောက် ရှိတယ်ဆိုတဲ့ အာရုံရနေအောင် စင်ကာပူအနေနဲ့ ဆက်ထိန်းထားရမယ်။


ကျွန်တော်တို့ ပိုမြင့်တဲ့အဆောက် အအုံတွေ ဆောက်ကြတော့မယ်။ ဒါပေမဲ့ နီးနီးကပ်ကပ် အတူတွဲဆောက် လို့တော့မရဘူး။ ကစားကွင်းတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပန်းဖြေအနားယူဖို့ နေရာတွေ စိတ်ထဲမှာ ထည့်ထားရမယ်။ ဒီနိုင်ငံဟာ ကန့်သတ်ထားတဲ့ နေရာအတိုင်းအတာ အတွင်းရှိနေပေမယ့် ကျယ်ဝန်းတဲ့ နိုင်ငံကြီးတွေမှာသာ မျှော်မှန်းရနိုင်တဲ့ အထောက်အကူပြု ပစ္စည်းပစ္စယ၊ အဆောက်အအုံတွေ အားလုံးနဲ့ ပြည့်နေတဲ့ နိုင်ငံလို ခံစားမိနေစေရမယ်။ လူဦးရေ ဘယ်လောက်ကို တာဝန်ယူနိုင်မယ် ဆိုတာ ဆုံးဖြတ်ဖို့ကတော့ လက်ရှိ အစိုးရ ဖြေရှင်းရမယ့် ပြဿနာပဲ။

သွားလာရေး

မြို့တော်ဆိုတာ လှုပ်ရှားသွားလာ ကြရတယ်လေ။ ယာဉ်ကြောပိတ်ပြီး သွားလို့ လာလို့မရ ဖြစ်ကြရတာကို ကျွန်တော်သိထားပါတယ်။ ဘန်ကောက် မြို့ကြီးဟာ နမူနာပဲ။ ယာဉ်ကြောထဲမှာ တစ်နာရီမက ပိတ်မိတတ်တာကြောင့် အပေါ့စွန့်ဖို့ အိုးတောင်ဆောင်ရမယ့် ပုံပါပဲ။ ဒီလိုဖြစ်နေတာ တန့်သွားအောင် လုပ်ရမှာကတော့ ကားအရေအတွက်ကို ကန့်သတ်ရမယ်။ အဲဒီတော့မှ ယာဉ်ကြော က တစ်နာရီ ၂၅ မိုင်လောက် ရွေ့နိုင်မယ်။ ကျွန်တော်တို့ ဘတ်စ်ကားနဲ့ ရထား ဘယ်ဟာပိုကောင်းသလဲ ငြင်းခုံ ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်က အကုန်အကျ ပိုသက်သာတဲ့ ဘတ်စ်ကား ကို ပိုကြိုက်တယ်။ ဒါပေမဲ့ နောက်ဆုံး မှာတော့ ကုန်ကျစရိတ်မြင့် ရထားက လမ်းတွေပေါ် ဘတ်စ်ကားတွေချောချော မွေ့မွေ့သွားနိုင်အောင် လမ်းမတွေထဲ က ယာဉ်ကြောကို လျှော့ချဖယ်ရှားပေး နိုင်တာကို သတိထားမိသွားတယ်။


သန့်ရှင်းသပ်ရပ်ခြင်း

ချုံပုတ်တွေပေါ် ကျပ်ခိုးမည်းမည်း တွေ့မိတတ်တယ်။ ဒါကြောင့် ကျွန်တော်က ဥရောပရဲ့ ကာဗွန်စွန့်ထုတ်မှု စံအတိုင်း လိုက်နာရမယ်လို့ပြောတယ်။ ကျွန်တော်တို့ရဲ့ ညစ်ညမ်းမှုစံတွေနဲ့ မကိုက်ညီရင် မလေးရှားက လော်ရီကားတွေ ဝင်လာလို့ မရဘူး။ နောက်အိမ်နီးချင်းတွေ အပေါ် စာနာနားလည်ရမယ်။ ဆူဆူညံညံ မလုပ်ရဘူး။ ရွှေစက္ကူ၊ ငွေစက္ကူ မီးရှို့လို့ ပြာတွေဟိုလွင့်ဒီလွင့်နဲ့ လူတွေ အနှောင့်အယှက်ဖြစ်စေတာမျိုး မလုပ်ရ။


ကျွန်တော် အိုဆာကာကို သွားတုန်း က ဓာတုဗေဒစက်ရုံက အနံ့တွေ ရှူရ တယ်။ ကျွန်တော်က မဖြစ်ဘူး။ ဒီစက်ရုံမျိုး တို့ခွင့်ပြုလို့မရဘူးလို့ ပြောတယ်။ ကျွန်တော်တို့မှာက ကျွန်း ပေါက်စလေးလေ။ မှန်ကန်တဲ့နေရာမှာ မှန်ကန်တဲ့ စက်ရုံကို နေရာမချခဲ့ရင် အခုတိုက်နေ တဲ့လေကိုသာ စဉ်းစားလိုက်။ ကိုယ့်မြို့ ကိုယ်ချနင်းသလိုဖြစ်သွားမှာ။ အလွယ်ကလေးနဲ့ နေပျော်စရာမကောင်းတဲ့မြို့ ဖြစ်သွားမယ်။

အဆက်အသွယ်ကောင်းမွန်ခြင်း

ချောမွေ့လွယ်ကူလို့ ကျွန်တော်တို့ ဗဟိုအချက်အချာ နေရာတစ်ခုဖြစ်လာတာ။ လေယာဉ်တွေ အတွက်ဆိုရင် လေဆိပ်က စွမ်းရည်ထက်မြက်ပြီး နိုင်ငံတကာနဲ့ အဆက်အသွယ် ကောင်းတာကြောင့် ဖြစ်တယ်။ လေယာဉ် ခရီးသည်တွေက ရပ်နားဖို့ဆိုရင် စင်ကာပူ ကိုပဲရွေးတယ်။ ခရီးသည်တွေ မြို့ထဲ အခမဲ့လည်ပတ်ကြည့်ရှုဖို့ ကားတွေစီစဉ် ပေးထားတယ်။ မြို့နဲ့နီးနီး ဟိုတယ် ကောင်းတွေမှာ တစ်ရက်၊ နှစ်ရက် နားနေလို့ ရတယ်။ ကျွန်တော်တို့က ခရီးသည်တွေ သက်သောင့်သက်သာ လွယ်လွယ် ကူကူဖြစ်အောင် စီစဉ်ပေးတယ်။ လေဆိပ်မှာ ရေချိုးလို့ရတယ်။


အရေးအကြီးဆုံးကတော့ အဆက်အသွယ် ကောင်းဖို့ပဲ။ တခြားမြို့တော် တွေက စင်ကာပူကို တိုက်ရိုက်ပျံသန်း ကြတဲ့လေကြောင်းလိုင်းတွေ အများကြီး ရှိတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အင်မတန် အကျိုးရှိပါတယ်။ တကယ်လို့ ဒီလေကြောင်းလိုင်းတွေသာ ကွာလာလမ်ပူ ဒါမှမဟုတ် ဂျာကာတာကို ရွှေ့သွားမယ် ဆိုရင် သူတို့ရုံးချုပ်တွေလည်း ရွှေ့သွား ကြမှာပဲ။ ဒီမှာ အခြေစိုက်ချင်အောင် ကော်ပိုရေးရှင်းတွေကို ကျွန်တော်တို့ ဆွဲဆောင်ကြရမယ်။

ပိုင်ဆိုင်ခွင့်ရှိခြင်း

ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့ ခံစားချက်၊ မြို့တော်ရဲ့ တစ်စိတ်တစ်ပိုင်းကို တို့လည်း ပိုင်ဆိုင်တယ်ဆိုတဲ့ ခံစားချက် လူတိုင်းမှာရှိနေစေရမယ်။ တိုင်ပေ- တောင်ကိုရီးယားမှာ လုပ်ခစား၊ လခစား တွေကို တွေ့ခဲ့ဖူးတယ်။ သူတို့မှာ ကိုယ်ပိုင်အိမ်မရှိကြဘူး။ အိမ်ခန်းငှားခ အများကြီးပေးရတယ်။ အိမ်ငှားခအတွက် လစာဝင်ငွေထဲက အများစု မကုန်ကျရ အောင် အိမ်ထောင်စုတိုင်း အိမ်တစ်လုံး ရှိဖို့ ကျွန်တော် ရည်မှန်းတယ်။


သူတို့ အိမ်ပိုင်သွားကြပြီ။ မြို့တော် တိုးတက်ကြီးပွားလာတာနဲ့ အမျှ တန်ဖိုး တက်လာမယ့် ပုံသေပစ္စည်းတစ်ခု ပိုင်သွားပြီ။ အိမ်ရှင်တစ်ယောက်ဟာ သူ့အိမ်ပတ်ဝန်း ကျင်က အများနဲ့ဆိုင်တဲ့ နေရာကို သန့်ရှင်း ပေးတယ်။ အိမ်ငှားနေတဲ့ လူကတော့ ဂရုမစိုက်ဘူး။ အိမ်အတွင်းကိုပဲ ဂရုစိုက် တယ်။ ဒါကြောင့် လူတိုင်းကို အိမ်ပိုင်ခွင့် ပေးလိုက်ပါ။ အိမ်တွင်းရော အိမ်ပြင်ပါ သန့်ရှင်းနေတယ်ဆိုရင် အဲဒီအိမ်တွေ၊ နေရာတွေရဲ့ တန်ဖိုးက တက်လာမယ်လို့ ကျွန်တော်က ပြောပြတယ်။ ကျွန်တော်တို့က သားတွေ စစ်မှုထမ်းပါစေ၊ စစ်တိုက်ဖို့ သင်ပါစေလို့ လူထုကို ပြောတယ်။ ခိုင်းတယ်။ သူတို့ကိုသာ ခင်ဗျား အိမ်တစ်လုံး ပိုင်ခွင့်မပေးခဲ့ရင် ဘယ်တိုက် တော့မှာလဲ။


—————


ဒီကနေ့ မနက်စောစောမှာ စင်္ကာပူထူထောင်သူ ခေါင်းဆောင်ကြီး ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူး ကွယ်လွန်ပါတယ်။